ဝင်ငွေပေါ်တွင် ရပ်တည်၍ စားသောက်နေထိုင်ရသော လူမှုဘ၀တွင် အသုံးစရိတ်များ မြင့်တက်လာမှုကို ကြုံတွေ့ရပြီး အလားတူ မြန်မာ့လူနေမှု အသုံးစရိတ်များ ဒေသတွင်း နိုင်ငံများကို အမီလိုက်လာကြောင်း သိရှိရသည်။ နေ့စဉ်လူမှုဘ၀တွင် ၀င်ငွေမှာ အကန့်အသတ်ဖြင့်သာ ရှိနေတတ်သော်လည်း အသုံးစရိတ်မှာ မြင့်မားနေတတ်ကြောင်း၊ တန်ဖိုးမြင့် အသုံးအဆောင်ပစ္စည်းများကို ၀ယ်ယူသုံးစွဲနိုင်သူများရှိကဲ့သို့ နေ့စဉ်ကုန်ကျစရိတ် နှင့် ၀င်ငွေကာမိအောင် ချိန်တွက်ပြီးမှ ၀ယ်ယူသုံးစွဲနိုင်သူများလည်း ရှိနေကြကြောင်း၊ အလားတူဝင်ငွေမှာ အကန့်အသတ်ဖြင့်သာ ရှိနေပြီး ၀ယ်ယူအသုံးပြုသော ကုန်ပစ္စည်းများ ၏ ဈေးနှုန်းကို အမီမလိုက်နိုင်သောကြောင့် ယင်းကဲ့သို့ အသေးစိတ်တွက်ချက်ပြီး အသုံးချရသည်များ များပြားလာကြောင်းလည်း သိရှိရသည်။ ''အခြေခံစားဝတ်နေရေးကုန်ကျမှု စရိတ်မြင့်မားနေတယ်ဆိုရင် ၀င်ငွေနဲ့ ထွက်ငွေ မမျတာကို ကြုံတွေ့ရနိုင်တယ်။ ဒီနေရာမှာ လူတွေရဲ့စိတ်အခြေအနေတွေနဲ့ ၀ိဝါဒကွဲပြား နိုင်တဲ့အတွက် မူဝါဒချမှတ်ရာမှာ ကောက်ချက်ချတာ လွဲမှားနိုင်တယ်။ လူတွေက တစ်ခုခုရနေရင် အဲဒီအခြေအနေတွေထက် နည်းနည်းပိုလိုချင်တယ်။ လက်လုပ်လက်စားပဲ ဖြစ်ဖြစ်၊ ချမ်းသာကြွယ်ဝသူပဲဖြစ်ဖြစ် သုံးလို့ရတာ သုံးတယ်၊ ပြီးပြည့်စုံတယ်ဆိုတာ မရှိဘူး၊ မရောင့်ရဲနိုင်တဲ့ အနေအထားတွေရှိနိုင်တယ်။ ဒီလိုမတင်းတိမ်နိုင်တဲ့ အခြေအနေတွေကို ဖြည့်ဆည်းပေးဖို့ဆိုတာ မဖြစ်နိုင်ပေမယ့် အခြေခံစားဝတ်နေရေးအတွက် မပြည့်မစုံဖြစ်နေရင်၊ ဆင်းရဲချမ်းသာလူတန်းစား အနေအထားအလျောက် လျော်ညီသင့်မြတ်အောင်စားဖို့ လုံလောက်လား၊ အ၀တ်အစားရှိလား၊ နေစရာရှိလားဆိုတာကိုတော့ သတိပြုရမယ်၊ လုံလောက်အောင် ဖန်တီးပေးဖို့ တာဝန်ရှိတယ်။ အဓိကက လူတန်းစားအများဆုံး ဖြစ်နေတဲ့ အောက်ခြေအလွှာမှာ အခြေခံ စားဝတ်နေရေး မပြည့်မစုံဖြစ်နေရင် ပြဿနာရှိတယ်။ မိသားစုတစ်စုလုံးထဲမှာ အဓိကကျတဲ့ မိဘနှစ်ဦးလုံး အလုပ်လုပ်နေရလား၊ အလုပ်ရော နေ့စဉ်ရရဲ့လား၊ ပုံမှန်ဝင်ငွေရှိရဲ့လား၊ စားဝတ်နေရေးအတွက် အလျင်မီရဲ့လား၊ အလွန်အကျွံခြိုးခြံချွေတာနေရလား၊ အကြွေးသံသရာလည်နေလား စတဲ့ အခြေအနေတွေကို သိရှိနေဖို့ လိုပါ တယ်။ ဒါမှ စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့ ၊ ဆင်းရဲမွဲတေမှု ပပျောက်ဖို့ မူဝါဒ ချမှတ်ရာမှာ ပိုပြီးထိရောက်မှာပါ'' ဟု စီးပွားရေးစီမံခန့် ခွဲမှုပညာ ပါမောက္ခ (ငြိမ်း)ဒေါ်လှမြင့်က ပြောကြားပါသည်။
''အခြေခံစားဝတ်နေရေး ကုန်ကျစရိတ် မြင့်မားနေတယ်ဆိုရင် စီးပွား ရေးပညာအရ အခြေအနေအရပ်ရပ်ကို ကြည့်ရပေမယ့် အဓိကအချက်က ငွေကြေးဖောင်းပွမှုဖြစ်တဲ့အချိန်မှာ ဈေးနှုန်းတွေ မြင့်မားတတ်ပါတယ်။ အဲဒီအချိန်မှာ ၀င်ငွေကထွက်ငွေကို မလိုက်နိုင်ဘူး။ နိုင်ငံတော်တော်များများမှာ ဒီပြဿနာကိုတွေ့နေရပါတယ်။ ဒီလို ကုန်ကျစရိတ်မြင့်နေချိန်မှာ ဖြေရှင်းနည်းကလည်း ပုံစံအမျိုးမျိုးဖြစ်နိုင်တယ်။ စားသုံးမှုလျော့ချတာ၊ အလုပ် နှစ်ခု သုံးခုလုပ်တာ၊ အိမ်ရှိလူကုန် အလုပ်ထွက်လုပ်တာ၊ အလုပ်အကိုင် အခွင့်အလမ်းရှိတဲ့ မြို့ရွာတွေကိုပြောင်းရွှေ့လုပ်ကိုင်တာ၊ အလုပ်ပြောင်းလဲ လုပ်ကိုင်တာတို့လို အခြေအနေက အန္တ ရာယ်နည်းတဲ့အတွက် မှန်ကန်တဲ့နည်းတွေလို့ ပြောလို့ရတယ်။ အခက်အခဲ ဖြစ်တဲ့အတွက် မတောင့်ခံနိုင်တော့ဘဲ ခိုးဝှက်တာ၊ လိမ်လည်တာ၊ အကြမ်းဖက်တာတို့လို မကောင်းမှုကိစ္စတွေကို လည်းလုပ်နိုင်တယ်။ ခက်ခဲလွန်းအားကြီးရင် မကောင်းတဲ့ဘက်ကို ပိုရောက်နိုင်တာကြောင့် အစိုးရက စောင့်ကြည့်ဖြေရှင်းနိုင်ဖို့ လိုပါတယ်''ဟုစီးပွားရေး ပါမောက္ခ (ငြိမ်း) ဒေါ်ရီရီမြင့်ကရှင်းပြ ပါသည်။
အချို့ကုမ္ပဏီ ၀န်ထမ်းများမှာ လစာသိန်းချီရသော်လည်း စုဆောင်း၍ မရနိုင်ကြောင်း၊ စားသောက်စရိတ် မြင့်မားလာမှုအပြင် အခြားလူမှုရေးအတွက် အသုံးပြုသည့် အထွေထွေစရိတ်များ လည်း ရှိနေသည့်အတွက် လမကုန်ခင်ပင် လစာငွေကုန်သွားလေ့ရှိကြောင်း သိရှိရသည်။
''လစာသိန်းချီရပေမယ့် မစုမိပါဘူး။ ဒါတောင် မတ်တပ်စာပဲရှိပါသေးတယ်။ မကျန်းမမာဖြစ်ရင် ဆေးကုဖို့ဆိုရင်တောင် ဘယ်ဝင်ငွေနဲ့ ကုရမှန်းမသိဘူး။ ကိုယ်ပိုင်အိမ်တို့၊ ကားတို့ဝယ်ဖို့ဆိုတာကလည်း မလွယ်လှပါဘူး''ဟု ကုမ္ပဏီဝန်ထမ်းတစ်ဦး က ပြောပြခဲ့သည်။ ယင်းကဲ့သို့ ၀င်ငွေနှင့် ထွက်ငွေ မမျတသည့် ဖြစ်ရပ်များ များပြားလာပါက လူလတ်တန်းစားအလွှာ တဖြည်းဖြည်းပါးလာနိုင်ကြောင်းနှင့် လူ့အဖွဲ့အစည်းတွင် ဆင်းရဲသူနှင့် ချမ်းသာသူဟူ၍ နှစ်မျိုးသာ ကျန်ရှိတော့နိုင်ကြောင်း စီးပွားရေးပညာရှင်တစ်ဦးက သုံးသပ်ပြသည်။ ''တကယ်က လစဉ်ရတဲ့ငွေကို စုဆောင်းနိုင်ဖို့နဲ့ စုဆောင်းထားတဲ့ငွေ ကို အခြားစီးပွားရေးလုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံနိုင်ရင်တော့ နေ့စဉ် စားဝတ်နေရေးချောင်လည်နိုင်ပါတယ်။ ကုန်ဈေးနှုန်းတက်တယ်ဆိုတာကတော့ ဖြစ်လေ့ဖြစ်ထရှိတဲ့သဘာဝပါ။ ကုန်ဈေးနှုန်းကိုကာမိအောင် ၀င်ငွေ ကောင်းလာဖို့ပဲ လိုပါတယ်။ ဘဏ်တိုးနှုန်းလောက်နဲ့တော့ တစ်နှစ် တစ်နှစ် ပုံမှန်ဖောင်းပွတတ်တဲ့ ငွေကြေးဖောင်း ပွမှုနောက်ကို အမီလိုက်နိုင်မှာ မဟုတ်ပါဘူး။ တကယ်တော့ ငွေကြေးဖောင်း ပွတယ်ဆိုတာဟာလည်း အကြောင်းတွေ အများကြီးရှိပါတယ်။ ဥပမာ ဒီနှစ်ဝယ်လို့ ကားတစ်စီးကို သိန်း ၁၀၀ နဲ့ရပြီး နောက်နှစ် ကားတစ်စီး တန်ဖိုး သိန်း ၂၀၀ ဖြစ်သွားတယ် ဆိုရင် hyper inflation ဖြစ်သွားတဲ့အတွက် တော်ရုံတန်ရုံ စုဆောင်းနိုင်တဲ့ သူတွေတောင်ဝယ်ဖို့ ဆိုတာမဖြစ်နိုင်ပါဘူး။ နောက်တစ်ခု ဥပမာ ပေးရရင် ရွှေဈေးနှုန်းဆိုပါတော့။ ၂၀၀၅ ခုနှစ် ကရွှေတစ်ကျပ်သားကို နှစ်သိန်းဝန်းကျင် မှာပဲ ရှိသေးတယ်။ ၂၀၀၆၊ ၂၀၀၇ လည်းရောက်ရော ရွှေတစ်ကျပ်သား တန်ဖိုးက လေးသိန်းဝန်းကျင် ရောက်သွားတယ်။ အခု ၂၀၀၉၊ ၂၀၁၀ မှာ ခြောက်သိန်းဝန်းကျင်ဆိုတော့ သာမန်လူတွေရဲ့ပိုင်ဆိုင်နိုင်မှုက တဖြည်းဖြည်း လျော့ကျလာတာ တွေ့ရပါတယ်''ဟု အဆိုပါစီးပွားရေးပညာရှင်က ပြောပြခဲ့သည်။ အလားတူ ငွေကြေးဖောင်းပွမှု အား အတိုင်းအတာတစ်ခုအထိ ထိန်းချုပ်ထားနိုင်ပြီး နိုင်ငံတော်ပိုင်းမှလည်း စုဆောင်းငွေကို အားပေးနိုင်ပါက ပို၍ ကောင်းမွန်လာနိုင်ကြောင်း၊ ၀င်ငွေ၏ ၂၀ ရာခိုင်နှုန်းမှ ၃၀ ရာခိုင်နှုန်းလောက် အထိ စုဆောင်းနိုင်ပါက အနည်းဆုံး လူလတ်တန်းစားဆိုသူများ ကိုယ်ပိုင် တိုက်ခန်းလေးနှင့် နေနိုင်မည့် အလားအလာရှိကြောင်း ၄င်းကသုံးသပ်ပြသည်။ ''၀င်ငွေတွေ မစုဆောင်းနိုင်ဘူး ဆိုတာက အသုံးစရိတ်ထဲကိုပါသွားတာပါ။ တစ်လတစ်လ မီးဖိုချောင် အသုံးစရိတ်ရှိသလို၊ မီးဖိုး၊ ရေဖိုး၊ သယ်ယူပို့ဆောင်စရိတ်တွေနဲ့ ရတဲ့ ၀င်ငွေက ကုန်သွားတတ်ပါတယ်။ ဒီကြားထဲ ကလေးတွေ ကျောင်းဖွင့်ချိန် ဆိုရင် ပိုပြီးတော့ချွေတာရပါတယ်'' ဟုအိမ်ရှင်မတစ်ဦးက ပြောပြခဲ့သည်။
ဒေသတွင်းနိုင်ငံများတွင်မူ အထူးသဖြင့် အာဆီယံနိုင်ငံများတွင် စင်ကာပူနိုင်ငံသည် နေ့စဉ်ကုန်ကျစရိတ် အမြင့်မားဆုံးနိုင်ငံတွင် ပါဝင်ကြောင်း သိရှိရသည်။ ''စင်ကာပူမှာ နေ့လယ်စာ၊ ညနေစာ တစ်နပ်ကုန်ကျစရိတ်က အနည်းဆုံးစင်ကာပူဒေါ်လာ လေးဒေါ်လာလောက် ရှိပါတယ်။ ခြောက် ဒေါ်လာ၊ ခုနစ်ဒေါ်လာလောက်နဲ့ စားလို့လည်းရတယ်။ အဲဒါဆိုမြန်မာငွေနဲ့ ငါးထောင်လောက်ကျပါတယ်။ နောက် တစ်ခုက ရုံးသွား၊ ရုံးပြန်ခရီးစရိတ်က ငါးဒေါ်လာနဲ့ ရှစ်ဒေါ်လာကြားရှိပါ တယ်။ အထူးသဖြင့် မြန်မာတွေနေ တဲ့နေရာက မြို့လယ်ခေါင် ကုမ္ပဏီတွေရှိတဲ့နေရာနဲ့ နည်းနည်းဝေးတယ်။ အိမ်လခကတစ်လကို အနည်းဆုံး စင်ကာပူဒေါ်လာ သုံးရာနဲ့လေးရာ ကြားထဲမှာ ရှိတယ်။ ချွေချွေတာတာ သုံးရင်တော့တစ်လကို အနည်းဆုံး စင်ကာပူဒေါ်လာ ခြောက်ရာလောက် ကုန်တယ်။ တစ်ထောင်လောက်အထိ ကုန်တဲ့သူတွေလည်း ရှိတယ်။ ဥပမာ လစာ ထောင့်ရှစ်ရာလောက်ရတယ် ဆိုရင် တစ်ထောင်သုံးတဲ့သူက ရှစ်ရာလောက်တော့ စုမိပါတယ်''ဟု software အင်ဂျင်နီယာတစ်ဦးဖြစ်သူ ကိုဝဏ္ဏက ပြောပြခဲ့သည်။
အလားတူပင် အာဆီယံနိုင်ငံ တစ်နိုင်ငံဖြစ်သော ထိုင်းနိုင်ငံမှာမူ လူနေမှုအဆင့်နှင့် ၀င်ငွေတွင်လည်းကောင်း၊ ၀င်ငွေအားခွဲဝေ အသုံးချရာတွင်လည်းကောင်း အတိုင်းအတာ တစ်ခုအထိ စိတ်ကျေနပ်မှုရရှိနိုင်သော နိုင်ငံတစ်ခုဖြစ်ကြောင်း သုံးသပ်ကြသည်။
''၀င်ငွေကတော့ အလုပ်အကိုင် ပေါ်မှာမူတည်ပါတယ်။ အထူးသဖြင့် လူလတ်တန်းစားဆိုတဲ့ လူတွေရဲ့ ၀င်ငွေက တစ်လကို ဘတ်နှစ်သောင်း နဲ့ သုံးသောင်းကြားမှာ ရှိပါတယ်။ ကုန်ကျစရိတ်က အမျိုးမျိုးရှိပြီး ထမင်း တစ်ခါစားရင်ဘတ် ၅၀ နဲ့ ၁၀၀ ကြား ကုန်တတ်ပါတယ်။ ဒါပေမယ့် ဒါ့ထက် သက်သာပြီး ၂၅ ဘတ်နဲ့ စားလို့ရတဲ့ နေရာတွေလည်းရှိတယ်။ ငွေကြေး ဖောင်းပွမှုကတော့ နှစ်ရာခိုင်နှုန်းကနေ သုံးရာခိုင်နှုန်းလောက်ပဲရှိတယ်။ တစ်ခါတစ်ခါ negative inflation ဖြစ် တာမျိုးတောင် ရှိပါတယ်။ တချို့ဝင်ငွေ နိမ့်တဲ့သူတွေကတော့ ဇိမ်ခံပစ္စည်းတွေ မ၀ယ်နိုင်ကြပါဘူး။ ရတဲ့လစာနဲ့ပဲ ဖူလုံအောင် နေရတာမျိုးလည်း ရှိပါ တယ်။ တကယ် အလုပ်အကိုင်ရှိပြီး ကားတွေ၊ အိမ်တွေ မ၀ယ်နိုင်သေးဘူး ဆိုရင်တော့ အရစ်ကျပေးချေတဲ့စနစ်နဲ့လည်း ၀ယ်လို့ရပါတယ်။ ထိုင်းမှာ credit card သုံးစွဲတဲ့သူတွေ သန်းနဲ့ ချီပြီးရှိတယ်''ဟု ထိုင်းနိုင်ငံ၏ The Nation သတင်းစာမှ အယ်ဒီတာတစ်ဦးဖြစ်သူ Mr.Kittipong က ပြောပြခဲ့သည်။ အလားတူပင် အာဆီယံနိုင်ငံ တစ်နိုင်ငံဖြစ်သော ဖိလစ်ပိုင်နိုင်ငံ၏ စားသောက်နေထိုင်မှု စရိတ်မှာ စင်ကာပူ၊ ထိုင်းနိုင်ငံများထက် နိမ့်ကြောင်းလည်း သိရှိရသည်။
''ကျွန်မတို့ သူငယ်ချင်းသုံးယောက် ပေါင်းပြီး လုံးချင်းတိုက်တစ်လုံးကို ငှားနေပါတယ်။ တစ်လကို အိမ်ငှားခ ပီဆို ၈၀၀၀၊ မြန်မာငွေနဲ့ လေးသိန်း လောက်ကျပါတယ်။ တစ်ယောက်ကို ပီဆို ၂၇၀၀ လောက်ကျတယ်။ အင်တာနက်ကြည့်ခတစ်လကို ပီဆို ၁၀၀၀ (ကျပ်၂၅၀၀၀)ပေးရတယ်။ သုံးယောက် ဆိုတော့ တစ်ယောက်ကို တစ်လမှာ ၃၄၀ ပီဆိုလောက်ပဲကျတယ်။ မီတာခ က တစ်လကိုပီဆို ၅၀၀။ အဲဒါလည်း ပြန်ခွဲပါတယ်။ ဒါပေမယ့် အင်တာနက်တပ်ဆင်ခ (first time esti-balishment) က ပီဆို ၁၀၀၀ ပေးရတယ်။ လစာကတစ်လကို ပီဆို တစ်သောင်း ၀န်းကျင်လောက် ရပါတယ်။ အထွေထွေကုန်ကျစရိတ်တွေ နှုတ်ပြီးတော့ တစ်လကိုပီဆိုငါးထောင်လောက် စုမိပါတယ်။ မိသားစုနဲ့ ဆိုရင်တော့ သိပ်မစုမိပေမယ့် တစ်ယောက်တည်း သမားအတွက်ကတော့ စုမိပါတယ်''ဟု ဖိလစ်ပိုင်နိုင်ငံရှိ ABS-CBN သတင်းထောက်တစ်ဦးက ပြောပြခဲ့သည်။
ဒေသတွင်းနိုင်ငံတစ်ခုဖြစ်ပြီး ကမ္ဘာပေါ်တွင် စတုတ္ထလူဦးရေအများဆုံး နိုင်ငံတစ်ခုဖြစ်သော အင်ဒိုနီးရှားနိုင်ငံသည်လည်း ၀င်ငွေနှင့်ထွက်ငွေ မျတမှုအား အတိုင်းအတာတစ်ခုထိသာ ထိန်းထားနိုင်သေးကြောင်း သိရှိရသည်။
''၀င်ငွေနဲ့ထွက်ငွေက သုံးစွဲတဲ့ အပေါ်မှာမူတည်ပါတယ်။ ဒါပေမယ့် စုဆောင်းမယ်ဆိုရင်တော့ စုဆောင်းလို့ ရပါတယ်။ စုဆောင်းငွေလေးရှိတဲ့ အခါကြတော့ ခရီးသွားရင်တောင် ငွေစုကတ်လေးဆောင် သွားရုံပဲ။ လိုရင် လိုသလိုထုတ်သုံးလို့ ရတဲ့အခါကြတော့ အလိုလို ငွေစုဆောင်းဖြစ်သွားပါ တယ်''ဟု SWA မဂ္ဂဇင်းမှ သတင်း ထောက်တစ်ဦးက ရှင်းပြခဲ့သည်။ ''ဘရူနိုင်းမှာ ထမင်းစရိတ်က တစ်လကို ဘရူနိုင်းဒေါ်လာ ၇၅၀ လောက်ကျတယ်။ ဖုန်းပြောခက ၁၀၀ လောက်ကျတယ်။ အင်တာနက်စပြီး တပ်ဆင်ခက ၂၀၀ လောက်ကျတယ်။ အသုံးပြုခကတစ်လကို ၇၈ လောက်ကျတယ်။ အခန်းငှားခက ၅၀၀ လောက် ကျပေမယ့် သုံးယောက်လောက် အနည်းဆုံးနေလို့ရတယ်။ ရေဖိုးမီးဖိုးကတော့ ကုမ္ပဏီက ကျခံပေးတယ်။ စုစုပေါင်း ၁၀၀၀ ၀န်းကျင်လောက် ကုန်တယ်။ ဒါပေမယ့် လစာကတော့ ၂၇၀၀ လောက်ရပါတယ်''ဟု ဘရူနိုင်းရှိ ရေနံကုမ္ပဏီတစ်ခုတွင် အလုပ်လုပ်နေသော မြန်မာလူမျိုးတစ်ဦးက ပြောပြခဲ့သည်။ ဒေသတွင်းနိုင်ငံများတွင် ဘရူနိုင်းငွေကြေးမှာ စင်ကာပူငွေကြေးနှင့် တန်းတူနီးပါးရှိကြောင်း သိရှိရသည်။
''အခြေခံစားဝတ်နေရေး ကုန်ကျစရိတ် မြင့်မားတဲ့အတွက် စီးပွားရေး နိမ့်နေတာ၊ ငွေစုဆောင်းမှု မပြုလုပ်နိုင်တာ၊ အရင်းအနှီးနည်းပါးတာ၊ လူတန်းစားတစ်ခုကနေ တစ်ဆင့်မြင့်တဲ့ လူတန်းစားတစ်ခုကို ရောက်ဖို့ခဲယဉ်းတာ၊ လူမှုစီးပွားနိမ့်ကျတာ၊ တစ်ဆင့် မြင့်တဲ့မျိုးဆက်တွေ ပေါ်ထွန်းဖို့ အခွင့်အလမ်းနည်းတာ စတာတွေဖြစ်နိုင်တယ်'' ဟု ဒေါ်ရီရီမြင့်က ဆိုပါသည်။ ''ရှင်သန်နေထိုင်နေရတဲ့ ပတ်ဝန်းကျင်မှာ အခြေခံစားဝတ်နေရေး ကုန် ကျမှုစရိတ် မြင့်နေရတဲ့အကြောင်းအရင်းတွေထဲမှာ ကိုယ်ကိုယ်တိုင်က၀င်ငွေနဲ့ မမျအောင်သုံးစွဲနေတာ၊ ၀င်ငွေကိုက နည်းနေတာ၊ Purchasing Power Parity (ppp) တန်ဖိုးနည်းနေတာ၊ နိုင်ငံရဲ့ ဂျီဒီပီကို တွက်ချက်ကြည့်ရင် တွေ့နိုင်တဲ့ လူတစ်ယောက်ရဲ့တစ်ဦးချင်း ၀င်ငွေကနိမ့်ကျနေတာ၊ အလွန်အကျွံ ဆင်းရဲမွဲတေမှုမျဉ်းမှာ ရောက်နေတဲ့ လူဦးရေအချိုးများနေတာ၊ ငွေကြေးဖောင်းပွမှုရှိနေတာ စတာတွေ ပါဝင်နိုင်ပါတယ်။ ခြုံပြီးပြောရရင် အခြေခံစားဝတ်နေရေး ကုန်ကျစရိတ် မြင့်မားတာက စီးပွားရေးနိမ့်ကျတာကို ပြနေတာပါ။ ဒါကြောင့်တချို့အစိုးရတွေက ၀င်ငွေလစာအပေါ် အတိုင်းအတာတစ်ခုအထိ ထည့်ပေါင်းပေးတာလည်း တွေ့နိုင်တယ်။ ဒီပြဿနာကို ဖြေရှင်းနိုင်ဖို့အတွက် ကုန်ထုတ်စွမ်း အားကိုမြှင့်တင်ပေးတာ၊ အရည်အချင်း ပြည့်ဝတဲ့ လူ့အရင်းအမြစ်ရအောင် ပညာရေးနဲ့ ကျန်းမာရေးကဏ္ဍတွေမှာ ရင်းနှီးမြှုပ်နှံတာ၊ လုပ်သားအရည် အသွေးမြှင့်တင်တာ၊ လူတန်းစား အလျောက် နေပျော်အောင် ဖန်တီးပေးတာ၊ တိုင်းပြည်ဂျီဒီပီ မြင့်တက်အောင် ကြိုးပမ်းတာစတာတွေက အဓိကကျတယ်လို့ ယူဆပါတယ်''ဟု ဒေါ်လှမြင့် က သုံးသပ်ခဲ့ပါသည်။
|
Comments