မန္တလေး နှင့် နယ်သတင်းများ

တစ်လအတွင်း ဖော်ပြခဲ့သောသတင်းများ

တစ်လအတွင်း ဖော်ပြခဲ့သောသတင်းများ

လစဉ်ဖော်ပြခဲ့ပြီးသောသတင်းများ


ကလေးငယ်များကို ခေါင်းပုံဖြတ်တောင်းရမ်းခိုင်းသည့် အဖွဲ့ကိုဖော်ထုတ်ရန် ဆောင်ရွက်လျက်ရှိ PDF Print E-mail
မန္တလေးမြို့တွင် ကလေးငယ်များကို ခေါင်းပုံဖြတ်တောင်းရမ်းခိုင်းသည့် အဖွဲ့ရှိသည်ဟု သတင်းရရှိထားသဖြင့် အဆိုပါအဖွဲ့ အား ဖော်ထုတ်အရေးယူနိုင်ရန်အတွက် မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီရဲတပ်ဖွဲ့မှ ကြိုးစားဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။ ခေါင်းပုံဖြတ်သည့်အဖွဲ့သည် ကလေးငယ်များကိုနေ့စဉ် တောင်းရမ်းခိုင်းပြီး ရလာသည့်ပိုက်ဆံများကိုမူ ခေါင်းပုံဖြတ်သိမ်းယူလေ့ရှိကြောင်း၊ ကလေးငယ်များကိုလည်း အစားအစာ ၀၀လင်လင် မကျွေးဘဲ အတင်းစေခိုင်းလေ့ရှိကြောင်းလည်း တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

 


    '' မန္တလေးစည်ပင်သာယာရေး ကော်မတီ နယ်နိမိတ်ထဲမှာ ကလေး တွေကို အနိုင်ကျင့်၊ ဗိုလ်ကျ၊ ခေါင်းပုံဖြတ်ပြီး တောင်းရမ်းခိုင်းနေတဲ့ အဖွဲ့ရှိတယ်လို့ သတင်းရရှိထားပါတယ်။ ဒါပေမယ့် စုံစမ်းမှုတွေပြုလုပ်နေဆဲ ပါပဲ။ အဲဒီအဖွဲ့က ကလေးတွေကို နေရာတကာမှာ လိုက်တောင်းခိုင်းပြီး ရလာသမျကို သူတို့ကယူပါတယ်။ အဓိကကတော့ မန္တလေးဘူတာကြီး တစ်ဝိုက်၊ ၃၅ လမ်းခုံးကျော်တံတား တစ်ဝိုက်နဲ့ လူစည်ကားတဲ့နေရာတွေ၊ ဘုရားတွေမှာ တောင်းရမ်းခိုင်းတာ များပါတယ်။ အခုအဲဒီအဖွဲ့ကို ဖော်ထုတ်အရေးယူနိုင်ဖို့ လူမှောင်ခိုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့နဲ့လည်း ပူးပေါင်းလုပ်ဆောင်ဖို့ ဆက်သွယ်ထား ပါတယ်''ဟု ရဲမှူးသိန်းလွင်ကပြော ပါသည်။


    တောင်းရမ်းခိုင်းသောသူများသည် ကလေးငယ်များထံမှရသည့် ပိုက်ဆံများကို ညနေပိုင်းအပြန်တွင် အကုန်သိမ်းကျုံးယူလေ့ရှိသည်ဟု သိရကြောင်း၊ တစ်ခါတစ်ရံတွင် နေ့လယ်နေ့ခင်းပိုင်းတွင်ပင် တစ်ထောင်တန်များရရှိထားပါက လိုက်လံသိမ်းယူလေ့ရှိသည်ဟု သိရကြောင်း၊ မန္တလေး မြို့ပေါ်တွင် ထိုသို့ခေါင်းပုံဖြတ်သော လူများ၊ အဖွဲ့များမည်ရွေ့မည်မျရှိသည်ကိုလည်း အတိအကျမသိရသေးသော်လည်း တွေ့ရှိပါကဖမ်းဆီး၍ လူမှောင်ခိုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့သို့ ပို့ဆောင်အရေးယူသွားမည်ဖြစ်ကြောင်း ၄င်းက ဆက်လက်ပြောပါသည်။


    တက္ကသိုလ်ကျောင်းသူတစ်ဦးကလည်း''အခုနောက်ပိုင်းမှာ တောင်းရမ်းတဲ့ ကလေးငယ်တွေ ပိုပြီးတော့ ပေါလာတယ်လို့ ထင်ရပါတယ်။ ပြီးတော့ ပိုက်ဆံတောင်းတဲ့နေရာမှာလည်း ပိုပြီးရဲတင်းလာသလို ပိုပြီး သနားအောင်လည်းလုပ်လာတာတွေလည်း တွေ့ရပါတယ်။ ကျွန်မတို့ တက္ကသိုလ်နားက လက်ဖက်ရည်ဆိုင်မှာဆိုရင် တောင်းတဲ့ကလေးတွေ ကို မကြာမကြာကိုတွေ့နေရပါတယ်။ တချို့ဆိုရင် အခုနောက်ပိုင်းမှာ ခြေသလုံးဖက်တောင်းတာတို့၊ ထိုင်ရှိခိုး တောင်းတာတို့၊ တချို့များဆိုရင် ငိုယို ပြီး တောင်းတာတွေတောင် ရှိပါတယ်။ တချို့လာတောင်းကြတဲ့ ကလေး ငယ်တွေဆိုရင်လည်း နောက်ထပ် ကလေးတစ်ယောက်ကို ပခုံးပေါ်ပိုးပြီး လိုက်တောင်းနေတာတွေကိုတောင်မှ တွေ့နေရပါတယ်''ဟု ပြောပြပါသည်။


     မန္တလေးမြို့ခံကျူရှင်ဆရာ တစ်ဦးက''ကလေးငယ်တွေကို ခေါင်းပုံဖြတ်တဲ့ လူတွေဟာစိတ်ဓာတ်ပိုင်းဆိုင်ရာ အလွန်ညံ့ဖျင်းတဲ့လူတွေလို့ ပြောလို့ရသလို အလုပ်ကိုလက်ကျောတင်းအောင် မလုပ်ချင်တဲ့ လူညွန့်စီး တွေလို့လည်း ပြောလို့ရပါလိမ့်မယ်။ ဒါကြောင့်လည်း သူတို့ကိုယ်တိုင် အလုပ်မလုပ်ဘဲ လောကကြီးအကြောင်း ဘာမှမသိသေးတဲ့ ကလေးငယ်တွေကို ခိုင်းစားနေတာပေါ့။ ကလေးငယ်တွေကို ဒီလိုအနိုင်ကျင့် ခြင်းအားဖြင့် ကလေးတွေရဲ့စိတ်ဓာတ်တွေဟာ အကြောက်တရားကြောင့် ဖွံ့ဖြိုးမှုလမ်းစနည်းလာနိုင်ပါ တယ်''ဟုပြောပါသည်။


    ကလေးငယ်များ တစ်ရက် တောင်းရမ်းရငွေသည်ကျပ် ၂၀၀၀  ၀န်းကျင်ရှိကြောင်း၊ ဘူတာကြီးအနီးတစ်ဝိုက်တွင်ပင် တောင်းရမ်းသည့် ကလေးငယ် ၁၅ ဦး ကျော်ကျော်ရှိ နေပြီး တစ်မြို့လုံးအတိုင်းအတာဖြင့် ဆိုပါက ကလေးငယ် ၅၀ ဦးကျော် ခန့်ပင်ရှိနိုင်ကြောင်း၊ အဆိုပါကလေး ငယ်များထဲမှ သတ်မှတ်အရည်အချင်းနှင့် ပြည့်စုံသောကလေးငယ်များကိုလည်း လူမှုဝန်ထမ်းကယ်ဆယ်ရေး အဖွဲ့မှခေါ်ယူထိန်းသိမ်းထားကြောင်း၊ အရွယ်ရှိ၍သန်မာသော တောင်းရမ်းသူများကိုလည်း စည်ပင်သာယာရေး ကော်မတီမှ သန့်ရှင်းရေးဌာန၊ လမ်းတံတားဌာန စသည့်ဌာနများတွင် အလုပ်အကိုင်များ ခန့်ထားလေ့ရှိကြောင်းလည်း သိရှိရသည်။


    တောင်းရမ်းနေသော ကလေးငယ်များသည် မန္တလေးတိုင်းတွင် သာမက ရန်ကုန်တိုင်း အပါအ၀င် အခြားသော ပြည်နယ်နှင့်တိုင်းအချို့ တွင်လည်း ရှိနေပြီး အဆိုပါကလေး များအား တွေ့ရှိပါက သက်ဆိုင်ရာ သို့အကြောင်းကြားသင့်ကာ ကလေးငယ်များအတွက် သင့်လျော်သောအလုပ်အကိုင်များ ပေးနိုင်မည်ဆိုပါက ယခုကဲ့သို့ဖြစ်ရပ်များ လျော့ကျသွားနိုင်မည်ဖြစ်ကြောင်း ကလေးသူငယ်အခွင့် အရေးဆိုင်ရာလေ့လာသူ အထက်တန်းရှေ့နေက ပြောကြားခဲ့သည်။

 

Comments

 
0 #3 everdrinker007 2010-03-06 09:54
စည်ပင်သာယာရဲကအဲ လိုလုပ်မယ်ဆိုတော့လဲကောင်းပါတယ် ။ဒါပေမဲ့အဲလိုမျိုးတွေကိုလမ်းမှာတွေ့ ရင်ဘယ်ကိုလှမ်း တိုင်းရမယ်ဆိုတာ ကိုတော့ပြည်သူတွေကိုပြောထားသင့် တယ်ထင်တယ်ဗျာ
 
 
0 #2 fourtheye 2010-03-05 04:22
ဒါတွေက ကျွန်တော်တို့ ငယ်ငယ်တည်းက ဖြစ်နေကြားနေရတာ တွေပါ။ ဒီနေ့မှာ ဒီလို အရေးယူမယ်ဆိုတာကို ကြားတော့ ကောင်းတာပေါ့။ လုပ်သင့်တာတော့ ကြာပါပြီ။ လက်ရှိအတိုင်းထားလိုက်လို့ ဒီကလေးတွေ ကြီးလာရင် အနာဂတ်ဟာ ကြောက်ဖို့ကောင်းပါတယ်။ အခုတည်းက ထိရောက် စွာ အရေးယူတာ ကောင်းပါတယ်။
 
 
0 #1 kosaw 2010-03-04 21:54
ပြောရရင် ကိုယ်တိုင်တောင် တာမွေအ၀ိုင်းမီး ပွိုင့်မှာ တွေ့နေရပါတယ်။ အသက်သိပ်မကြီးတဲ့  အဖွားကြီးက ကလေးတွေကို တောင်းခိုင်းနေပါတယ်။ မတောင်းတဲ့ ကလေးတွေကို နောက်ကနေ လိုက်ရိုက်ပြီး အတင်းတောင်းခိုင်းနေတာပါ။ သူဝတ်စားထားတာကလ ည်း သားသားနားနားပါဘဲ။ ကလေးတွေအတွက်တော့  စိတ်မကောင်းဖြစ် နေရုံကလွဲပြီး ဘာမှမကူညီနိုင်ပါဘူး။ နိုင်ငံတော်က ဒီလိုသေချာစွာ လုပ်ပေးရင်တော့ ကောင်းပါတယ်လို့ ပြောချင်ပါတယ်။ ဒါပေမဲ့ ပွဲပြီးမီးသေတော့  မဖြစ်စေချင်ပါဘူး။