ပြည်တွင်းသတင်းများ

တစ်လအတွင်း ဖော်ပြခဲ့သောသတင်းများ

တစ်လအတွင်း ဖော်ပြခဲ့သောသတင်းများ

လစဉ်ဖော်ပြခဲ့ပြီးသောသတင်းများ


ထိုင်းဘုရင့်မယ်တော်ပန်းခြံသို့ မြန်မာခရီးသွား အများအပြား သွားရောက်လည်ပတ်ခဲ့ PDF Print E-mail

 

        ဖေဖော်ဝါရီ ၂၇ရက်နေ့(မြန်မာ တပေါင်းလပြည့်နေ့)နှင့် ဖေဖော်ဝါရီ ၂၈ရက်နေ့(ထိုင်းတပေါင်းလပြည့်နေ့) တို့တွင် ထိုင်းနိုင်ငံဘုရင့်မယ်တော်ပန်းခြံ(ဒွိုင်တုန်း)သို့ မြန်မာခရီးသွား အများအပြား သွားရောက်ခဲ့ကြောင်း သိရသည်။


        ဒွိုင်တုန်းသည် မယ်ဆိုင်နှင့် မယ်ကျန်း ကြားရှိလမ်းမှ ဖြတ်တက်ရခြင်းဖြစ်ပြီး တောင်တက်တောင်ဆင်း မြင့်မားသော်လည်း လမ်း ကောင်းသောကြောင့် ခရီးသည်များ သက်သာစွာသွားလာနိုင်သည်ဟု လည်း သိရသည်။ ထိုင်းဘုရင့်မယ်တော်ပန်းခြံမှာ တောင်ထိပ်အနီးရှိ တောင်စောင်းများတွင် ပြုလုပ်ထား ခြင်းဖြစ်ပြီး ထိုင်းနိုင်ငံတစ်ဝန်းမှ ခရီးသွားများလည်း နေ့စဉ်ထောင်ချီ၍ လာရောက်လည်ပတ်လေ့ရှိသော အထင်ကရနေရာတစ်ခုဖြစ်ကာ ထိုင်းမြောက်ပိုင်း၌လည်း ထင်ရှားသောနေရာများထဲတွင် ပါဝင်သည်။


        ''မြင်သမျှ ရောင်စုံပန်းတွေဟာ စိတ်ကိုနုပျိုရွှင်လန်းစေတယ်။ ပန်းရဟတ်ကြီးကို သဘောကျတယ်။ ရေတံခွန်တွေ၊ ပန်းမျိုးတွေလည်း အများကြီး။ အရောင်ကတော့ တစ်ရောင်နဲ့ တစ်ရောင်လှအောင်ရော စိုက်ထားပြီး ဒီဇိုင်းပုံစံတွေလည်း အမျိုးမျိုးပါပဲ''ဟု ခရီးသွားအမျိုး သမီးတစ်ဦးက ဒွိုင်တုန်းပန်းခြံအလှ ကိုပြောပြခဲ့သည်။ ၀င်ကြေးမှာ လူကြီးဘတ် ၈၀ ဖြစ်ပြီး ကလေးမှာ ၃၅ ဘတ်ဖြစ်သည်။ နှစ်စဉ် တပေါင်းလပြည့်နေ့တိုင်း မြန်မာနိုင်ငံ ဘက်မှ ကျိုင်းတုံ၊ မိုင်းယောင်း၊ မိုင်း ဆတ်၊ မိုင်းဖြတ်ဒေသနှင့် တာချီလိတ်မှ သွားရောက်လည်ပတ်သူ အများအပြားရှိပြီး နှစ်စဉ်စည်ကား ကြောင်းလည်း သိရသည်။


''ပထမရက်ကတည်းက ညအိပ်သွားကြသူများတယ်။ ဒုတိယရက်ဆို ကားငှားရခက်တယ်။ ပုံမှန် အသွားအပြန်ဘတ် ၁၅၀၀ လောက် ပေးရပြီး လူ ၁၂ ယောက်လောက် ဆံ့တဲ့ အဲကွန်းတောင်းအေ့စ်တွေ များတယ်။ အရင်နေ့တွေက‘ငှားမည် ရေးထားတာအများကြီး၊ ဒုတိယ ရက်ဆို တစ်စီးမှကိုမရှိတော့ဘူး။ ရှိရင်လည်း ပုံမှန်မဟုတ်တဲ့ဈေး ဘတ် ၁၉၀၀၊ ၂၀၀၀ လောက်တောင်းကြ တယ်''ဟုလည်း ခရီးသွားတစ်ဦးက ပြောပြသည်။ တပေါင်းလပြည့်နေ့ တွင် မြန်မာဘက်မှ ဧည့်သည်များ  ဒွိုင်တုန်းသွားရာ၌ ထိုင်းဘက်မှ တင်းကျပ်စွာမစစ်ဆေး၍ ဒွိုင်တုန်း သို့ လွတ်လပ်စွာသွားနိုင်ခြင်းကြောင့်လည်း လည်ပတ်သူများခြင်း ဖြစ်ကြောင်းသိရသည်။ မြန်မာခရီးသွားများသည် ဒွိုင်တုန်းမှ အပြန်တွင် မယ်ဆိုင်ရှိ Tesco Lotus ကုန် ပဒေသာဆိုင်၌ ဈေးဝယ်လေ့ရှိကြပြီး အဆိုပါနှစ်ရက်တွင် အထူးရောင်း အားတက်ကြောင်းလည်း ခရီးသွား များထံမှ သိရှိရသည်။