မန္တလေး နှင့် နယ်သတင်းများ

တစ်လအတွင်း ဖော်ပြခဲ့သောသတင်းများ

တစ်လအတွင်း ဖော်ပြခဲ့သောသတင်းများ

လစဉ်ဖော်ပြခဲ့ပြီးသောသတင်းများ


ဟုမ္မလင်းသို့ပင့်ဆောင်ပူဇော်မည့် နှီးဘုရားတစ်ဆူကို အင်းဝမြို့တွင်ရက်လုပ်လျက်ရှိ PDF Print E-mail

    မန္တလေးတိုင်း အင်းဝမြို့တွင် နှီးဘုရားတစ်ဆူကို ဇန်န၀ါရီလမှ စတင်ရက်လုပ်လျက်ရှိပြီး ယခုအချိန် တွင် ၅၀ ရာခိုင်နှုန်းခန့် ပြီးစီးနေကြောင်း၊ အားလုံးပြီးစီးပါက ဟုမ္မလင်းမြို့သို့ ပင့်ဆောင်ပူဇော်သွားမည် ဖြစ်ကြောင်း သိရှိရပါသည်။ အဆိုပါ နှီးဘုရားကိုဟုမ္မလင်းမြို့မှလာရောက်မှာကြားသဖြင့် ယွန်းပညာရှင် ဦးတင့်ဆွေက တာဝန်ယူဆောင်ရွက်နေ ခြင်းဖြစ်ကြောင်း သိရသည်။


    ''ကျွန်တော်တို့ ဒီနှီးဘုရားကို ရက်လုပ်နေတာ တစ်လကျော်ကျော် လောက်ကြာခဲ့ပြီး အခုတော့ ၅၀ ရာခိုင်နှုန်းလောက် ပြီးစီးနေပါပြီ။ ရက်လုပ်တဲ့နေရာမှာလည်း သံကျဉ် သံကွေးတွေမခံတော့ဘဲ ၀ါးနှီးသက် သက်နဲ့ပဲ ရက်လုပ်တာဖြစ်ပါတယ်။ တချို့နှီးဘုရားတွေဆိုရင် သံကျဉ်သံကွေးတွေ အရင်ခံပြီးမှ အပေါ်ကနေ ၀ါးနှီးနဲ့ ရက်လုပ်လေ့ရှိခဲ့ပါတယ်။ ဒါပေမဲ့ ဒီနှီးဘုရားကိုတော့ ပင့်ဆောင် ပူဇော်သွားမယ့် ဟုမ္မလင်းမြို့က လည်းဝေးလို့ ပင့်ဆောင်လို့လွယ်အောင် သံထည်မခံတော့ဘဲ ၀ါးနှီးသက်သက်နဲ့ပဲ ရက်လုပ်ဖြစ်တာပါ။ ၀ါးနှီးနဲ့ရက်လုပ်တဲ့ နေရာမှာလည်း ရက်ထည်၊ ခွေထည်ဆိုပြီး နှစ်မျိုးရှိတဲ့ အထဲက ပိုပြီးပေါ့အောင် ရက်ထည် နည်းနဲ့ပဲ ရက်လုပ်နေပါတယ်။ အခု လောလောဆယ်တော့ ဘုရားပုံတော် ပေါ်လာပါပြီ။ ပြီးမှ သရိုးနဲ့အချော ကိုင်ပြုလုပ်သွားပါမယ်။ နှီးဘုရားပြု လုပ်မှုလုပ်ငန်းစဉ်အားလုံးကိုလည်း လာမယ့်သင်္ကြန်ကာလရောက်ရင်ပြီး မယ်လို့ခန့်မှန်းထားပါတယ်။လက်ရှိ လူခြောက်ယောက်နဲ့ လုပ်ကိုင်နေပါ တယ်''ဟု အဆိုပါ နှီးဘုရားကို တာဝန်ယူလုပ်ကိုင်နေသောဦးတင့်ဆွေ က ပြောပြပါသည်။


    အဆိုပါနှီးဘုရားကို ကဆုန်လ အတွင်းတွင် ရေလမ်းခရီးမှ ဟုမ္မလင်း သို့ ပို့ဆောင်သွားမည်ဖြစ်ကြောင်း၊ ယခင်က နှီးဘုရားများရက်လုပ်ရန် အလုပ်အပ်သူများရှိသော်လည်း ယခုကဲ့သို့ သံကျဉ်သံကွေးမခံဘဲ ရက်ထည်ပုံစံဖြင့် ရက်လုပ်မှုသည် သူတို့အတွက် ပထမဆုံးဖြစ်ကြောင်း၊ ယခင်က အင်းဝတွင် နှီးဘုရားများ ပြုလုပ်ကိုးကွယ်ခဲ့ကြသည်ကိုလည်း တချို့ဘုရားများ၌ ယခုထက်တိုင် ဖူးတွေ့နိုင်ကြောင်း၊ သို့သော် အ များစုမှာပျက်စီးကုန်ပြီဖြစ်ကြောင်း နှင့် လက်ရှိနှီးဘုရား၏ဉာဏ်တော် သည် နဖူးတော်အထိ ခုနစ်ပေခွဲ၊ မဏိတော်ထိကိုးပေရှိပြီး ပလ္လင်တော် အကျယ်မှာ ၅ ပေ ၁၀ လက်မရှိ ကြောင်းလည်း သိရှိရပါသည်။