|

ကိုဇော်နိုင်ဦးရေ . . . မြန်မာဘောလုံးလောကရဲ့ အပြောင်းအလဲဖြစ်တဲ့ MNL ပြိုင်ပွဲကြီး တတိယအကြိမ် ရောက်ရှိလို့လာပါပြီ။ ဒီပြိုင်ပွဲကြီး အောင်မြင်သလား၊ မအောင်မြင်ဘူးလားဆိုတာ ဘယ်ပေတံတွေနဲ့ တိုင်းပြီးဆုံးဖြတ်ကြမလဲ။ လက်ရှိအခြေအနေမှာရော၊ နောင်အနာဂတ်အလားအလာရော ဘယ်လိုရှိမလဲ။ စဉ်းစားကြဖို့ လိုပါတယ်။ | "မြောက်ကိုရီးယားအရန်အသင်းကို (၅)ဂိုးပြတ်ရှုံး၊ ဒီလိုအသင်းမျိုးကို အရှေ့တောင်အာရှက ကြီး(၅)ကြီးက ဒီလို ဘယ်တော့မှ မရှုံးဖူးဘူး။ ဒီတော့ မြန်မာဘောလုံးရဲ့ လက်ရှိအဆင့်အတန်းက သွားရော" |
ကိုဇော်နိုင်ဦးရေ . . . ပြိုင်ပွဲရဲ့ အောင်မြင်မှုကို ပထမဆုံးတိုင်းတာရမှာက မြန်မာဘောလုံးရဲ့ အောင်မြင်မှု၊ တစ်နည်း ဒီနှစ်အတွင်း မြန်မာ့လက်ရွေးစင်အသင်းရဲ့ အောင်မြင်မှုနဲ့ တိုင်းတာဆုံးဖြတ်ရမှာပါပဲ။ လာအိုကိုသရေ၊ စင်ကာပူယူ-၁၉ အသင်းကိုရှုံး၊ အုပ်စုကထွက်ရတဲ့(MNL ကစားသမား အများစုပါတဲ့) ယူ-၂၃အသင်းရဲ့ရလဒ်က ကျွန်တော်တို့ ဘယ်လိုပဲအရောင်တင်တင်၊ အရောင်မထွက်နိုင်တဲ့ ရလဒ်ပါ။ ၂၀၁၁ အာရှဖလားခြေစစ်ပွဲအောင်နိုင်မယ် AFC Challenge Cup ပြိုင်ပွဲကျတော့လည်း ဘင်္ဂလားဒေ့ရှ်ကိုနိုင်တာလောက်ပဲ ပြောစရာရှိပြီး သီရိလင်္ကာကိုသွင်းတဲ့(၄)ဂိုးစလုံးဟာ သီရိလင်္ကာအသင်း (၁)ယောက်လျော့သွားမှ သွင်းခဲ့တာ၊ တာဂျစ်ကစ္စတန်ကို ဂိုးပြတ်၊ မြောက်ကိုရီးယား အရန်အသင်းကို(၅)ဂိုးပြတ်ရှုံး၊ ဒီလိုအသင်းမျိုးကို အရှေ့တောင်အာရှက ကြီး(၅)ကြီးက ဒီလိုဘယ်တော့မှ မရှုံးဖူးဘူး။ ဒီတော့ မြန်မာဘောလုံးရဲ့ လက်ရှိအဆင့်အတန်းက သွားရော၊ အမှတ်(၄၀)အောက်မှာ သိုးကာသီကာ စာမေးပွဲကျတာမျိုး မဟုတ်တော့ဘူး။  | ဗထူးကွင်းအတွင်း ကစားခဲ့သည့် ရတနာပုံ-Delta ပွဲအပြီး လူရမ်းကားပရိသတ်များကြောင့် ကွင်းပြင်သို့ မထွက်နိုင်ဘဲ ပိတ်မိနေသည့် မီဒီယာသမားများနှင့် ဘောလုံးသမားများ |
ဒုတိယတိုင်းတာရမှာက ပရိသတ်တွေရဲ့ စိတ်ဝင်စားမှု။ ပထမအကြိမ်ပြိုင်ပွဲတုန်းက ကျွန်တော်တို့အပါအ၀င် မီဒီယာတွေ၊ ပရိသတ်တွေအားလုံးက ဒီပြောင်းလဲမှုဟာ အပြောင်းအလဲရဲ့အစ၊ မြန်မာဘောလုံးတိုးတက်ရေးအတွက် ထွက်ပေါက်၊ အမျိုးသားရေးအသိနဲ့ အားလုံးအားပေးရမယ်ဆိုတော့ အားလုံးခြိမ့်ခြိမ့်သဲသဲပဲပေါ့။ အကြိတ်အနယ်တွေ ပြိုင်ကြတော့ ဒေသစွဲစိတ်၊ ဘောလုံးချစ်စိတ်တွေနဲ့ အားလုံး အားပေးခဲ့ကြတာပေါ့။ အောင်မြင်ပါတယ်။ ဒါပေမယ့် ဒုတိယအကြိမ်ပြိုင်ပွဲမှာတော့ ပရိသတ်အစစ်တွေအတွက် စိတ်ထဲမှာ ဘောလုံးပွဲဆိုတာထက် ခံစားရတာပိုသွားပြီ။ ထုတ်ဖော်ရခက်ခဲတဲ့ ဝေဒနာတစ်ရပ် ရင်ထဲရောက်လာပြီ။ လိုအပ်တာထက် ငွေကြေးကို ရှေ့တန်းတင်လာတယ်လို့ ခံစားရပြီ။ ခုတုံးလုပ်ခံရတယ်လို့ ခံစားရပြီ။ ဒီကြားထဲမှာ ရန်ပွဲတွေဖန်တီးမယ့် ဘောလုံးလူရမ်းကား၊ လူဆိုး၊ လူမိုက်(Thugs)တွေ ကွင်းတွင်း၊ ကွင်းပြင်မှာ ကြီးစိုးလာပြီ။ ဒါကြောင့် ဘောလုံးပရိသတ်အစစ်တွေ သိပ်မလာတော့ဘူး။ "ဒုတိယအကြိမ်ပြိုင်ပွဲမှာတော့ ပရိသတ်အစစ်တွေအတွက် စိတ်ထဲမှာဘောလုံးပွဲဆိုတာထက် ခံစားရတာ ပိုသွားပြီ။ ထုတ်ဖော်ရခက်ခဲတဲ့ ဝေဒနာတစ်ရပ် ရင်ထဲရောက်လာပြီ။ လိုအပ်တာထက် ငွေကြေးကို ရှေ့တန်းတင်လာတယ်လို့ ခံစားရပြီ။ ခုတုံးလုပ်ခံရတယ်လို့ ခံစားရပြီ . . ."
|
ကိုဇော်နိုင်ဦးရေ . . . မြန်မာဘောလုံးသမားတွေအနေနဲ့ ဘ၀အာမခံချက်အမှန်ရှိလာပြီး ဒီပြိုင်ပွဲကြီးအပေါ် တကယ်ယုံကြည်ကြပြီလား။ Professional ဘ၀နဲ့ တကယ်အသက်မွေးဖို့ ယုံကြည်ကြပြီလား။ ဒီမေးခွန်းကို သူတို့ ဖြေလိုက်ကြပါတယ်။ ဒီနှစ်ကုန်ရင် ဌာနဆိုင်ရာ ပြန်ကြတော့မယ်။ ဒါဟာ ဒီပြိုင်ပွဲအတွက် အကြီးမားဆုံး စိန်ခေါ်မှုပဲ။ ဒီလူတွေ ဘောလုံးလောကက ထွက်သွားရင် မြန်မာဘောလုံးဟာ လူသစ်တွေနဲ့ ပြန်စရမယ်။ 'ငါကွ' 'လုပ်နိုင်ပါတယ်' မပြောပါနဲ့။ ကျွန်တော်တို့နိုင်ငံရဲ့ ဂုဏ်သိက္ခာကို ဒီမာနနဲ့ မလဲချင်ပါနဲ့။ မဖြစ်ပါဘူး။ သူတို့ဒီလောကက ထွက်သွားလို့ မဖြစ်သေးပါဘူး။ သူတို့ ဒီပြိုင်ပွဲကြီးကို ယုံကြည်လာအောင် ကြိုးစားရမယ်။ ဘောလုံးသမားတွေ ကိုယ်တိုင်ကလည်း အရာရာ 'ငွေ'ကို ရှေ့တန်းမတင်ပါနဲ့။ အခုရနေတဲ့ ငွေကြေး၊ အခွင့်အရေးတွေအားလုံးဟာ အသင်းပိုင်ရှင်တွေက ပေးတယ်လို့လည်း မအောက်မေ့ပါနဲ့။ တိုင်းပြည်ကပေးတဲ့ ချွေးနှဲစာလို့မှတ်ပါ။ ခင်ဗျားတို့တစ်တွေလို ကျန်တဲ့ပြည်သူအများစုက ကံမကောင်းကြပါဘူး။ ဒီလိုဝင်ငွေတွေ ရုတ်တရက်မရလာကြပါဘူး။ ဒီတော့ နိုင်ငံမျက်နှာ၊ ပရိသတ်မျက်နှာကိုထောက်ထားပြီး ဒီ Profession နဲ့ အလုပ်အကျွေးပြုစေချင်ပါတယ်။ ငွေတွေကို အပျော်အပါး၊ မိန်းမ၊ အရက်စတာတွေမှာ မသုံးစေချင်ပါဘူး။ အမူအကျင့်တွေ ပြင်စေချင်ပါတယ်။
 | | ပထမအကြိမ် MNL ပြိုင်ပွဲ ပွဲစဉ်ရေးဆွဲသည့် အခမ်းအနား |
ကိုဇော်နိုင်ဦးရေ . . . ပြိုင်ပွဲအစတုန်းက တစ်နှစ်ကို သိန်း(၁၀၀၀)ကနေ (၃၀၀၀)အထိပဲ ကုန်မယ်ဆိုတာကနေ အပြိုင်အဆိုင်လုပ်ရင်း သိန်း(၁၅၀၀၀)လောက်အထိ ကုန်မယ်ဖြစ်လာပြီး အပြိုင်အဆိုင်ဖြစ်လာကြတာတွေကို ကျွန်တော်တော့ စိုးရိမ်ပါတယ်။ တခြားအခွင့်အရေးတွေ၊ Alternative Opportunity တွေကြောင့် ဒီလိုအကုန်ခံနိုင်ရင် အသင်းတွေ ရေရှည်ရပ်တည်ဖို့ဆိုတာ မလွယ်ပါဘူး။ Pro အသင်းပီပီသသ ၀င်ငွေ၊ ထွက်ငွေ မျှမျှတတ သုံးစွဲဖို့ လိုပါတယ်။ ဒါမှ MNL ပြိုင်ပွဲကြီး ရေရှည်တည်တံ့မှာပါ။ မြန်မာနိုင်ငံလို အများစုဆင်းရဲတဲ့ နိုင်ငံမျိုးမှာ ဒေါ်လာ(၅)သိန်း (သိန်း ၅၀၀၀)တစ်နှစ်သုံးတယ်ဆိုတာတောင် များလှပါပြီ။ အပြိုင်အဆိုင်ဆုချ၊ ပရိသတ်တွေကို ငွေကြေး၊ အင်္ကျီ၊ အခွင့်အရေးတွေ အပြိုင်အဆိုင်ထောက်ပံ့စည်းရုံးပြီး ငွေဖြုန်းတီးတာတွေ ရပ်သင့်ပါပြီ။
 | | ဒုတိယအကြိမ် MNL ပြိုင်ပွဲ ပွဲစဉ်ရေးဆွဲသည့် အခမ်းအနား |
ကိုဇော်နိုင်ဦးရေ . . . အားလုံးထဲမှာ စိတ်ပျက်စရာအကောင်းဆုံးက ရပ်ကွက်ထဲက လူဆိုး၊ လူမိုက်၊ လူရမ်းကား(Thugs)တွေ အုပ်စုဖွဲ့ပြီး ဘောလုံးကွင်းနား ရောက်လာတာပါပဲ။ မန္တလေးမှာ ရန်ကုန်ပရိသတ်ကားကို ဆိုင်ကယ်အုပ်စုဖွဲ့ တိုက်ခိုက်ခဲ့တာ၊ ရန်ကုန်မှာ ရတနာပုံပရိသတ်ကို မိန်းမတောင်မရှောင်ဘဲ တုတ်၊ ဓားကိုင်တဲ့ လူရမ်းကားတွေက ရန်ပြုခဲ့တာတွေဟာ မြန်မာဘောလုံးသမိုင်းမှာ တစ်ခါမှမကြားဖူးတဲ့ ဖြစ်ရပ်ဆိုးတွေပါ။ ဘောလုံးကွင်းတွင်းမှာ ပြိုင်ဆိုင်စိတ်ကြောင့်ဖြစ်တဲ့ ရန်ပွဲမျိုးမဟုတ်ဘဲ အုပ်စုဖွဲ့ မင်းမဲ့စရိုက်ဆန်တဲ့ ဒီရမ်းကားတဲ့ လူမိုက်လူရမ်းကားတွေကို ထိရောက်ပြင်းထန်တဲ့ တားဆီးမှုတွေမလုပ်နိုင်ရင် MNL ပြိုင်ပွဲရဲ့အနာဂတ် ဆိုးရွားသွားနိုင်ပါတယ်။  | | တတိယအကြိမ် MNL ပြိုင်ပွဲ ပွဲစဉ်ရေးဆွဲသည့် အခမ်းအနား |
ကိုဇော်နိုင်ဦးရေ . . . လူမိုက်လူရမ်းကားတွေ ဘောလုံးကွင်းထဲ မလာကြပါနဲ့။ အခွင်အရေးသမားတွေလည်း မလာကြပါနဲ့တော့။ သူတိုကတစ်တွေ မလာကြဘူးဆိုရင် မြန်မာဘောလုံးကို စစ်စစ်မှန်မှန်မြတ်နိုးတဲ့၊ နိုင်ငံနဲ့လူမျိုးကို စစ်စစ်မှန်မှန်ချစ်တဲ့ ပရိသတ်အစစ်တွေ ကွင်းထဲပြန်ရောက်လာကြပါလိမ့်မယ်။ ဒါဆိုရင် MNL ပြိုင်ပွဲကြီးလည်းအောင်မြင်၊ မြန်မာဘောလုံးလည်း တိုးတက်၊ နိုင်ငံ့ဂုဏ်လည်း မြင့်တက်လာပါလိမ့်မယ်။ ပရိသတ်အစစ်တွေ လာပါစေ။ ။ |
Comments
သန့်ရှင်းသော့မြ န်မာလိဒ်ဖြစ်ပါေ စ