ဈေးဝယ်စင်တာများသို့ လူသုံးကုန်နှင့် စားသုံးကုန်ပစ္စည်းများ အမှန်တကယ်ဝယ်ယူရန် လိုအပ်၍ လာရောက်သူများအပြင် လူငယ်အချို့က စိတ်အပန်းဖြေသည့် နေရာတစ်ခုအဖြစ် ပိုမိုရွေးချယ်လာကြောင်း လူငယ် အသိုင်းအ၀ိုင်းနှင့် ဈေးဝယ်စင်တာများထံမှ စုံစမ်းသိရှိရပါသည်။ ''တဖြည်းဖြည်းချင်းပဲ ခေတ်ရဲ့ လိုအပ်ချက်အရ ဈေးဝယ်သူဘက်က စင်တာတွေ၊ mall တွေကို လက်ခံလာတယ်။ ဒီနေရာတွေကို စိတ်အပန်းဖြေစရာ နေရာတွေအဖြစ် ပြောင်းလဲ သတ်မှတ်လာကြတယ်။ နောက်ဆုံးငွေကြေး သိပ်အဆင်မပြေတဲ့သူတွေတောင် Window Shopping ထွက်တဲ့ အလေ့အထနဲ့ အပန်းဖြေမှုရယူကြတာတွေလည်း ရှိကြလာကြတယ်''ဟု ရန်ကင်းစင်တာမှ တာဝန်ရှိသူတစ်ဦးကဆိုသည်။ ''ယေဘုယျအနေနဲ့ လူငယ်၊ လူရွယ်တော်တော်များများက လူစည်ကားတဲ့နေရာတွေ၊ အချိန်ကုန်လို့ကုန် မှန်းမသိတဲ့နေရာတွေကို သဘောကျကြ တယ်။ အဲဒီနေရာတွေထဲမှာ အရောင်းစင်တာတွေလည်း ပါတာပေါ့။ နောက်တစ်ခုက မိသားစုတစ်ခုမှာ အလုပ်လုပ်တဲ့လူတွေ၊ ကျောင်းတက်နေတဲ့လူတွေ ရှိတယ်။ တစ်ပတ်တာ နားရက်တွေမှာ မိသားစုစုံညီပြီး လည်မယ်၊ ပတ်မယ်၊ စားမယ်၊ သောက်မယ်၊ ၀ယ်ကြခြမ်း ကြလုပ်မယ်ဆိုရင်လည်း သင့်တော်တဲ့ နေရာတွေထဲမှာ အရောင်းစင်တာကြီး တွေပါပါတယ်။ မြို့ပြမှာနေရတာကို မွှန်းကျပ်တဲ့အတွက် ဥပမာ တိုက်ခန်း လေးနဲ့ နေရသူတွေ၊ အိမ်သေးသေးလေးနဲ့ နေရသူတွေဆိုရင် အိမ်ကိုမခင်တွယ်တဲ့ လူတွေလည်းရှိတယ်။ သူတို့ကလည်း အဲယားကွန်းရှိတဲ့၊ ကျယ်ကျယ်ဝန်းဝန်းရှိတဲ့၊ မြင်ကွင်းမျိုးစုံ မြင်ရနိုင်တဲ့နေရာတွေမှာ စိတ်အပန်းဖြေ ကြသူတွေလည်းရှိနိုင်တယ်။ ဒီဘက်ခေတ်တွေမှာ စိတ်ပင်ပန်းကြတဲ့အတွက် စိတ်အပန်းဖြေဖို့ လိုအပ်ပါတယ်။ ကိုယ့်အတွက်၊ ကိုယ့်ပတ်ဝန်းကျင်အတွက် ထိခိုက်နစ်နာမှုမရှိအောင် အပန်းဖြေတတ်ရမယ်။ နောက်တစ်ခုက အပန်း ဖြေတဲ့အခါ အချိန်ကိုသုံးပဲသုံးပါ၊ မဖြုန်း မိဖို့လိုပါတယ်''ဟု ပါမောက္ခ(ငြိမ်း) ဒေါ်လှမြင့်က ပြောကြားပါသည်။
ယခုနောက်ပိုင်းနှစ်များအတွင်း ဈေးဝယ်စင်တာများအသစ်ဖွင့်လှစ်မှု များပြားလာသည့်အတွက် ဈေးဝယ်သူ များအနေဖြင့် ရွေးချယ်ခွင့်ပိုမိုရရှိလာသောကြောင့် ဈေးဝယ်စင်တာများသို့ သွားရောက်သည့်အလေ့အထ မြင့်တက်လာကြောင်း၊ မိသားစုအလိုက် အသက်အရွယ်မရွေး စုံစုံညီညီ သွားရောက်နိုင်သည့် အရောင်းစင်တာများကို ပိုမိုရွေးချယ်လာကြကြောင်း သိရပါသည်။ ထို့ပြင် အပန်းဖြေဥယျာဉ်များသို့ မိသားစုလိုက်သော်လည်းကောင်း၊ သူငယ်ချင်းများဖြင့်သော် လည်းကောင်း သွားရောက်အပန်းဖြေမည်ဆိုပါက ငွေကြေးများစွာ ကုန်ကျနိုင်သဖြင့် လူငယ် အချို့မှာ ဈေးဝယ်စင်တာများကို စိတ်အပန်းဖြေစရာအဖြစ် ရွေးချယ်လာခြင်းဖြစ်ကြောင်းလည်း သိရသည်။ ''အပန်းဖြေဥယျာဉ်ကို မသွားဘူးတော့မဟုတ်ဘူး၊ သွားဖြစ်ပါတယ်။ ဒါပေမယ့် ကုန်ကျမယ့်ငွေကြေးကို တွက်ကြည့်ရင် မနည်းကုန်ကျနိုင်တာကြောင့် ဈေးဝယ်စင်တာကိုသွားတယ်။ အရမ်းလိုချင်တာရှိရင်တော့ ၀ယ်လိုက်တယ်။ စင်တာမှာရှိတဲ့ ကော်ဖီဆိုင်ထိုင် တယ်။ ၀င်ကြေးလည်း ပေးစရာမလို ဘူး။ အခုနောက်ပိုင်းမှာ စင်တာအများ စုက အင်တာနက်သုံးနိုင်တာကလည်း ဈေးဝယ်စင်တာတွေကို လူစည်စေတဲ့ အားသာချက်တစ်ခုပါပဲ''ဟု ဒဂုံတက္ကသိုလ် တွင် နေ့ကျောင်းတက်ရောက်လျက်ရှိသည့် တက္ကသိုလ်ကျောင်းသားတစ်ဦး က ဆိုသည်။ ''ကြားရက်တွေမှာ သူငယ်ချင်းတွေ အုပ်စုလိုက် ပလာဇာကို လာကြ တယ်။ သူတို့တွေက ဟိုမေး၊ ဒီမေးနဲ့ တကယ်တော့မ၀ယ်ကြဘူး။ ကျွန်မတို့ ဈေးရောင်းသူတွေ အနေနဲ့လည်း ကောင်းကောင်းမွန်မွန် ဆက်ဆံရှင်းပြ ပေးရတယ်။ ဒါမှ နောက်ပိုင်း ဈေး ၀ယ်ရင် ကိုယ့်ဆိုင်ကိုလာဝယ်အောင် ဆက်ဆံရေး အဓိကထားဆက်ဆံပါ တယ်။ တစ်နေ့ တစ်နေ့ အုပ်စုလိုက် လာသူတွေရှိပေမယ့် အရောင်းအ၀ယ် သိပ်မဖြစ်ပါဘူး။ များသောအားဖြင့် ထိုင်နေရတာများတယ်''ဟု ယုဇနပလာဇာရှိ ဈေးရောင်းသူတစ်ဦးက ဆိုသည်။
''အရည်အသွေးမြင့်တဲ့ အရောင်းစင်တာတွေ ဆိုတာကလည်း ဘယ်သူမဆို တင့်တင့်တယ်တယ်အပန်းဖြေလို့ ရတဲ့နေရာတစ်ခုပါ။ အခုနောက်ပိုင်း တချို့တလေအတွက် ဘ၀နေထိုင်မှုပုံစံ တွေမြင့်လာတာ တွေ့ရတယ်။ ဘ၀ရှင် သန်တာမှာ အရည်အသွေးရှိလာတယ်၊ နေပျော်လာတယ်။ ဒါဟာတိုးတက်တဲ့ သဘောဖြစ်ပေမယ့် ဒီလိုအရည်အသွေး အဆင့်အတန်းမျိုး ခံစားရသူတွေများ လာအောင် လုပ်ပေးဖို့လိုမှာပါ''ဟု စီးပွားရေးပညာရှင်တစ်ဦးက သုံးသပ်ခဲ့ ပါသည်။
ဈေးဝယ်စင်တာ အများစုသည် လူစည်ကားမှုရှိနိုင်သော အသွားအလာ အချက်အချာကျသည့် နေရာများတွင် တည်ရှိကြောင်း၊ နောက်ပိုင်း ဖွင့်လှစ်သည့် အရောင်းစင်တာအချို့မှာ မြန်မာပြည်၏ လူမှုစီးပွားအတိုင်းအတာအရ ၀င်ငွေအလယ်အလတ်ရှိသူများနှင့် ၀င်ငွေမြင့်မားသူများသာ ၀ယ်ယူအသုံးပြုနိုင်သည့် နိုင်ငံတကာအမှတ်တံဆိပ်များကို သီးသန့်ရောင်းချမှုများလည်း ရှိကြောင်းနှင့် အဆိုပါဈေးဝယ်စင်တာ များတွင် အင်တာနက်ကဖေး၊ ကော်ဖီ ဆိုင်ကဲ့သို့ အခြားဝန်ဆောင်မှုများထား ရှိပေးသောကြောင့် မ၀ယ်နိုင်သော်လည်း သွားရောက်လည်ပတ်ရန် လူငယ်အချို့ အကြိုက်တွေ့ကြောင်း Window Shopping ထွက်လေ့ရှိသည့် လူငယ်များအသိုင်းအ၀ိုင်း၏ ပြောကြားချက်များအရ သိရသည်။
''နှစ်ပတ်ကို တစ်ခါလောက်တော့ ဈေးဝယ်စင်တာတွေဆီ သွားဖြစ်တယ်။ သွားတိုင်းလည်း မရောက်ဖူးသေးတဲ့ ဈေးဝယ်စင်တာတွေကို ဦးစားပေးပြီး သွားဖြစ်တယ်။ စင်တာတွေရဲ့ ဒီဇိုင်း အပြင်အဆင်တွေ၊ အရောင်းဆိုင်တွေ ရဲ့ ခင်းကျင်းပြသမှုတွေကို လျောက်ကြည့်ရတာက အရသာတစ်မျိုးပါ။ သီးသန့်ဆိုင်လေးတွေထက် ကုန်တိုက် တွေထဲမှာလွတ်လွတ်လပ်လပ်လျောက် ကြည့်ရတာကို ပိုကြိုက်မိတယ်။ တွေ့မြင်သမျက လိုချင်စရာတွေဖြစ်ပေမယ့် Window Shopping အနေနဲ့ပဲကျေနပ်လိုက်ရတာ များပါတယ်''ဟု ကုမ္ပဏီ ၀န်ထမ်းတစ်ဦးက ဆိုပါသည်။
ဈေးဝယ်စင်တာကြီးများမှာလည်း နိုင်ငံတကာနည်းတူ ၂၄ နာရီ ၀န်ဆောင်မှုပေးရန် စိတ်ဝင်စားမှုရှိလာကာ ၀န်ဆောင်မှုများကို ရာသီချိန်ခါ နှင့်အညီ ၀န်ဆောင်မှုများ ပြုခြင်းမှာလည်း ဈေးဝယ်စင်တာများတွင် လူစည်ကားစေသည့် အချက်တစ်ချက်ဖြစ် ကြောင်း သိရှိရသည်။
|